တော်လှန်ရေးဆိုတာ လူမှုစနစ် ပြောင်းလဲခြင်းကို ဆိုလိုတယ်။ တော်လှန်ရေးဟာ တိုးတက်သော အခန်းကဏ္ဍ ကုန်ဆုံးသွားပြီဖြစ်တဲ့ လူတန်းစားတရပ် လက်ထဲက အာဏာကို တိုးတက်နေဆဲ အခြားလူတန်းစားတရပ် လက်ထဲ လွှဲပြောင်းပေးတယ်။ သူပုန်ထခြင်းဆိုတာ လူတန်းစား နှစ်ရပ်ကြား အာဏာရရှိရေး တိုက်ပွဲမှာ အပြင်းထန်ဆုံးနဲ့ အခရာကျဆုံး အခိုက်အတန့် ဖြစ်တယ်။ သူပုန်ထတဲ့အခါ အများတကာ့ အများစုသော လူထုကြီးကို စုရုံးဦးဆောင်နိုင်စွမ်းရှိတဲ့ တိုးတက်သော လူတန်းစား တရပ်အပေါ် အခြေခံထားမှသာ တော်လှန်ရေး အောင်ပွဲစစ်စစ် ရနိုင်မယ်၊ စနစ်သစ်တခုကို ထူထောင်နိုင်မယ်။
![](https://static.wixstatic.com/media/edcc10_e1b9c629e54a499c9df30c6f70394f71~mv2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_auto/edcc10_e1b9c629e54a499c9df30c6f70394f71~mv2.jpg)
သဘာဝဖြစ်စဉ်တွေနဲ့ မတူတာက တော်လှန်ရေးကို လူတွေက လုပ်ကြတာ၊ လူတွေကနေပဲ တော်လှန်ရေး ဖြစ်ရတာ။ ဒါပေမယ့် တော်လှန်ရေး ဖြစ်စဉ်အတွင်းမှာတော့ လူသားတွေဟာ သူတို့ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်မရှိသော လူမှုအခြေအနေတွေရဲ့ လွှမ်းမိုးမှုအောက်ကနေ လုပ်ဆောင်ရတာ ဖြစ်တယ်၊ အတိတ်က လက်ဆင့်ကမ်းပေးလိုက်တဲ့ လူမှုအခြေအနေတွေအောက်မှာ လူသားတွေ လုပ်ဆောင်ကြရတယ်၊ ဒီအခြေအနေတွေကပဲ သူတို့လိုက်လျှောက်ရမယ့် လမ်းကြောင်းကို အထက်စီးဆန်ဆန် ညွှန်ပြပေးတယ်။ ဒါ့ကြောင့်ပဲ (ဒီအကြောင်းကြောင့်သာ) တော်လှန်ရေးတရပ်က တိကျသေချာတဲ့ နိယာမတွေအတိုင်း ဖြစ်နေတာ။
မုန်တိုင်းအထန်ဆုံး လှုပ်ရှားမှုတောင်မှ တော်လှန်ရေးအဆင့်ထိ မတက်လှမ်းနိုင်ဘဲ ဆန္ဒပြပွဲ ဒါမှမဟုတ် ပုန်ကန်မှုအဆင့်မှာတင် တန့်နေနိုင်တယ်။
ဒါပေမယ့် လူသားရဲ့ အသိစိတ်ဟာ ပကတိ အခြေအနေတွေကို အပြုခံသက်သက် (passively) ထင်ဟပ်နေတာ မဟုတ်ဘူး။ ပကတိ အခြေအနေတွေကို တက်တက်ကြွကြွ (actively) တုံ့ပြန်နေကျ ဖြစ်တယ်။ တချို့သော အချိန်တွေမှာ ဒီတုံ့ပြန်မှုက ပြင်းထန် အားကောင်းတဲ့ လူထု လက္ခဏာဆောင်သွားတယ်။ အင်အားကြီးခြင်းနဲ့ လုပ်ပိုင်ခွင့်ဆိုသော အတားအဆီးတွေကို ဖြိုချပစ်တယ်။ တကယ်တော့ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေထဲ လူထုကြီး တက်တက်ကြွကြွ ပါဝင်လာခြင်းဟာ တော်လှန်ရေးတရပ်ရဲ့ အရေးအကြီးဆုံး မရှိမဖြစ် အစိတ်အပိုင်းတခုပဲ။
ဟောင်းမြည်းပုပ်သိုးနေတဲ့ လူမှုစနစ်တခုကို ဖယ်ရှားပစ်နိုင်ဖို့ဆိုရင် တိုးတက်သော လူတန်းစားဟာ ဒီရေမြင့်သစ် ရောက်လာပြီလား နားလည်ရမယ်၊
ဒါပေမယ့် မုန်တိုင်းအထန်ဆုံး လှုပ်ရှားမှုတောင်မှ တော်လှန်ရေးအဆင့်ထိ မတက်လှမ်းနိုင်ဘဲ ဆန္ဒပြပွဲ ဒါမှမဟုတ် ပုန်ကန်မှုအဆင့်မှာတင် တန့်နေနိုင်တယ်။ လူထု အုံကြွမှုကနေ လူတန်းစားတရပ် အုပ်စိုးမှုကို ဖြိုချပစ်ပြီး နောက် လူတန်းစားတရပ် အုပ်စိုးမှုဆီ ဦးတည်သွားရမယ်။ အဲဒီအခါမှပဲ တော်လှန်ရေးတရပ် အောင်ပွဲဆင်နိုင်တယ်။ လူထု အုံကြွမှုဆိုတာ ကိုယ်ဖြစ်စေချင်တိုင်း အချိန်မရွေး ဖန်တီးယူလို့ ရနိုင်တဲ့ အရာတခု မဟုတ်ဘူး။ တော်လှန်ရေးဟာ လူ့အဖွဲ့အစည်း တိုးတက်မှု သမိုင်းအတွင်း ပကတိ ရုပ်အခြေအနေပေါ် မူတည်ပြီး ပေါ်ထွန်းလာရတဲ့ ဖြစ်စဉ်တခု ဖြစ်နေသလိုပဲ၊ လူထုအုံကြွမှုဆိုတာလည်း တော်လှန်ရေး ဖွံ့ဖြိုးမှုအတွင်း ပကတိ ရုပ်အခြေအနေကို မူတည်ပြီး ပေါ်ထွန်းရတဲ့ အစိတ်အပိုင်းတခု ဖြစ်နေတယ်။ ဒါပေမယ့် အုံကြွမှုဖြစ်ဖို့ လိုအပ်သော ရုပ်အခြေအနေတွေ ရှိနေပြီ ဆိုရင် ပါးစပ်အဟောင်းသားနဲ့ အသာထိုင်စောင့်နေလို့ မရဘူး။ ရှိတ်(ခ်)စပီးယား ပြောသလိုပဲ၊ “လူ့ဘဝ အထွေထွေမှာ ဒီရေလို အတက်အကျ ရှိတယ်၊ ဒီရေအတက်ကာလကိုသာ အမိအရ ဖမ်းဆုပ်နိုင်ခဲ့ရင် ကောင်းခြင်း အဖြာဖြာ ရရှိသွားနိုင်တယ်”။
ဟောင်းမြည်းပုပ်သိုးနေတဲ့ လူမှုစနစ်တခုကို ဖယ်ရှားပစ်နိုင်ဖို့ဆိုရင် တိုးတက်သော လူတန်းစားဟာ ဒီရေမြင့်သစ် ရောက်လာပြီလား နားလည်ရမယ်၊ ဒီရေမြင့်သစ် ရောက်တာနဲ့ အာဏာသိမ်းယူရေးတာဝန်ကို ထမ်းဆောင်ရမယ်။ ဒီနေရာမှာ သိစိတ်ရှိရှိ တော်လှန်ရေး လုပ်ဆောင်မှု အခန်းကဏ္ဍ ဝင်လာတာပဲ၊ အမျှော်အမြင်ရှိခြင်း နဲ့ ကြိုတင် တွက်ဆနိုင်ခြင်းကို စိတ်အားထက်သန်ခြင်း၊ သတ္တိကောင်းခြင်းနဲ့ ပေါင်းစပ်ပေးရမယ်။ တနည်းဆိုရရင် ဒီနေရာမှာ ပါတီရဲ့ လုပ်ဆောင်မှု အခန်းကဏ္ဍ ဝင်လာတာပဲ။
မေဝတ်မှုန်
ဘာသာပြန်သည့်
မာ့က်စ်ဝါဒကာကွယ်ရေးဝက်ဘ်ဆိုက် (In Defence of Marxism) တွင်ဖော်ပြထားသည့်
အောက်တိုဘာအား ကာကွယ်ခြင်း "ရုရှားတော်လှန်ရေး၏ သင်ခန်းစာများကိုလေ့လာမှု" ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။
Comments