top of page

ဗုဒ္ဓဝါဒရှု့ထောင့်နှင့် မာ့က္ခ (စ်) ဝါဒ - တော်လှန်ရေး (Revolution)

အခုနောက်ပိုင်း ရုပ်သံအစီအစဉ်တွေကို တင်ဆက်တဲ့အခါမှာ ကျွန်တော် အသုံးပြုနေတဲ့ (Gonzo Journalism) လို့ခေါ်တဲ့ သတင်းစာဆရာကိုယ်တိုင် အဖြစ်အပျက်တွေရဲ့ အဓိကကျတဲ့ တတိယလူ နေရာကနေ သတင်းအကြောင်းအရာတွေအပေါ် ဝေဖန်သုံးသပ်ပြီး လောကအမြင်အလို့ငှာ သရော်.. ဩဘာ.. ကထာ... ဋီကာ..တွေကို မပြောခင်ပဲ ဖြစ်ဖြစ်.. ပြောပြီးရင်ပဲ ဖြစ်ဖြစ် အမြဲလို Check / Recheck & Countercheck လုပ်တဲ့အခါ ကောက်ကောက်ပြီး လှန်ရလေ့ ရှိတဲ့ စာအုပ်တွေထဲမှာ "လူသေ.. လူဖြစ်." နဲ့ "ကျောက်ကွင်း အရေးတော်ပုံ.." စာအုပ်တွေနဲ့ ထင်ရှားတဲ့ တောင်တွင်းကြီး နတ်မှီတောရဆရာတော် သျှင် ဥက္ကဋ္ဌ ဘာသာပြန်ရေးသားပြုစုတော်မူခဲ့တဲ့ ကမ္ဘာ့ အဘိဓမ္မာ လက်စွဲ (Handbook of Philosophy) စာအုပ်လည်း အပါအဝင်ပါ။၊


အားလုံး သိကြတဲ့အတိုင်း ဗုဒ္ဓအဘိဓမ္မာနဲ့ ကမ္ဘာ့အဘိဓမ္မာအရပ်ရပ်ကို ကျွမ်းကျင်နှံ့စပ်တော်မူတဲ့ ဆရာတော်က ဆိုဗီယက် အဘိဓမ္မာဆရာ (နိုင်ငံရေးသီအိုရီပညာရှင်) တွေ ဖြစ်ကြတဲ့ M. Rosenthal နဲ့ P. Yudin တို့ ပြုစုခဲ့ကြတဲ့ Short Philosophic Dictionary စာအုပ်ကို Buddhist Perspective and Marxism အနေနဲ့ပါ သာသာပြန် ပြုစုရေးသားတော် မူခဲ့ပြီး ၁၉၅၉ ခုနှစ်က ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့တာပါ။


ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းတွေကိုပဲ ဖြစ်ဖြစ်.. သီအိုရီအယူအဆတွေအပေါ် ခိုင်လုံစေဖို့ တိုက်ဆိုင် စစ်ဆေးရတာမျိုးမှာတွေမှာ Sociology and Political Science ဘာသာရပ်တွေအပေါ် Buddhist & Marxism Perspective တွေအတွက် အင်မတန်မှကို အားကိုးအားထားပြုရတဲ့ ဆရာတော်ရဲ့ ဒီ ကမ္ဘာ့ အဘိဓမ္မာ လက်စွဲ (Handbook of Philosophy) စာအုပ်ဟာ ပညာ့ နေဝန်းကြီး တစ်ခုလိုပါပဲ။


ပညာ့နေဝန်းကြီးကနေ ဖျာကျနေတဲ့ လင်းရောင်ခြည်ပေါင်းများစွာထဲကနေ ခေတ်ပြိုင်နိုင်ငံရေး အခြေအနေတွေမှာ အင်မတန် လူကြိုက်များပေါ်ပြူလာဖြစ်နေတဲ့ တော်လှန်ရေး (Revolution) ဆိုတာကို ဗုဒ္ဓဝါဒရှု့ထောင့်နှင့် မာ့က္ခ(စ်)ဝါဒ (Buddhist Perspective and Marxism) ကနေ ဆရာတော် ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုထားလဲ ဆိုတာကို လေ့လာနိုင်ကြဖို့ ကျွန်တော်ကိုယ်တိုင် စာပြန်စီပြီး မျှဝေပေးလိုက်ပါတယ်။

 
စေတနာစိတ် တော်လှန်ရေးဆိုတာမှာ ကိုယ်စီးတဲ့ မြင်း အထီးမှန်း၊ အမမှန်း မသိပဲ ကိုယ့်မြင်း.. ကိုယ် ဘယ်လောက် ဆိုင်းဆိုင်း.. တစ်နေ့ တစ်လံ ပုဂံ ဘယ်မှ မရွေ့ပေမယ့်.. စစ်ကိုင်းဆိုတာကတော့.. ဝေး.. ကိုယ်လှေ ကိုယ်ထိုးပြီး.. ပဲခူးနားမှာသာ တဝဲလည်လည် ဖြစ်မနေကြဖို့..
 

ဆရာတော် သျှင် ဥက္ကဋ္ဌ ပြန်သာပြန် ရေးသားပြုစုတော်မူခဲ့တဲ့ ကမ္ဘာ့ အဘိဓမ္မာ လက်စွဲ (Handbook of Philosophy) စာအုပ်မှ တော်လှန်ရေး လူမှုရေး (Revolution Social) အဓိပ္ပါယ် ဖွင့်ဆိုချက်ကို မျှဝေပေး လိုက်ပါတယ်။

 

တော်လှန်ရေး လူမှုရေး (Revolution Social)


ဆရာတော် သျှင် ဥက္ကဋ္ဌ

ကမ္ဘာ့ အဘိဓမ္မာ လက်စွဲ (Handbook of Philosophy)


သာမဂ္ဂီ ပြောင်းလဲရေး၌ အထူးအရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။ အဟောင်းဖြစ်သော သာမဂ္ဂီအသွင်ကို စွန့်လွှတ်၍ အသစ် တိုးတက်သောပုံကို တည်ထောင်သော လူ့အစည်းအရုံး၏ ဘဝ၌၎င်း၊ နိုင်ငံတော်အစိုးရ၏ အသွင်အပြင်၌၎င်း၊ အရင်းကျကျ ပြင်းထန်သော ပြောင်းလဲမှုကို ဖော်ထုတ်သည်။ အယူမသည်းသော ကုန်သည် အနုမာနများနှင့် တော်လှန်ရေးကို ထန်းသီးကြွေခိုက် ကျီးနင်းခိုက် သဘောဖြင့်၎င်း၊ သို့မဟုတ် လူ့အစည်းအရုံးအတွက် သဘာဝကျသော လမ်းစဉ်မှ ခွဲထွက်သွားမှုအဖြစ်ဖြင့်၎င်း၊ ရှုမှတ်သော အချောင်းသမားဆိုင်ရာ အနုမာနများနှင့်၎င်း၊ မတူကွဲပြား ခြားနားသော မာ့က္ခ(စ်) ဝါဒ၏ ဟောပြောချက်ကား တော်လှန်ရေးဟူသည် လူတန်းစားရှိသော လူ့အစည်းအရုံး၏ ပြောင်းလဲမှုဆိုင်ရာ ဥပဒေသများကို တပ်ဆင်အသုံးပြုရာမှ မချွတ်မုချ ဖြစ်ပေါ်လာသော အကျိုးအာနိသံသ ဖြစ်သည်ဟူသော အချက်ပင်တည်း။


တော်လှန်ရေးများသည် သာမဂ္ဂီ ပြောင်းလဲမှုဆိုင်ရာ လမ်းစဉ်၏ အထွဋ်အထိပ်ကို၎င်း၊ အဟောင်း ဖြစ်သော သာမဂ္ဂီစံနစ်အတွင်း၌ တဖြည်းဖြည်းတိုးတက်၍ ရင့်ကျက်လာသော လမ်းစဉ်ကို၎င်း၊ အသစ်ဖြစ်သော စံနစ်ဆိုင်ရာ သဘောတရားများ၊ ရင့်ကျက် တိုးတက်လာသော အစဉ်ကို၎င်း အသစ်နှင့် အဟောင်းတို့၏ အကြား၌ တည်ရှိသော ပဋိပက္ခမှုများ တဖြည်းဖြည်း စုပေါင်း၍လာခြင်းကို၎င်း ဖော်ထုတ်လေသည်။


၎င်းတို့ တိုးတက်မှုလမ်းစည်တွင် အမှတ်မထင်သော အဆင့်သို့ရောက်သောအခါ လူ့အစည်းအရုံး အတွင်း၌ ထုတ်ကုန်လုပ်ရေးဆိုင်ရာ ရုပ်အင်အားစုများသည် ထုတ်ကုန်ဆိုင်ရာ တည်ရှိဆဲ အဆက်အသွယ်များ (ဝါ) ဥပဒေသ စကားလုံးသုံး၍ ပြောရလျှင် ရှေးက ရှိနှင့်ပြီးသော ပစ္စည်းအဆက်အသွယ်များနှင့် တည့်တည့်လာ၍ တိုးလေသည်။ ဤအဆက်အသွယ်များသည် ထုတ်ကုန်လုပ် အင်အားစုတိုးတက်မှုအသွင်မှ ရှောတိုးမိုဃ်းကြိုးအသွင်သို့ ပြောင်၍လာကြကုန်၏။ ထိုအခါ သာမဂ္ဂီတော်လှန်ရေးခေတ် အစပြုလေသည်။ မာ့က္ခ(စ်) ရေးသော Selected Works, အတွဲ ၁။ စာမျက်နှာ ၃၅၆။


သာမဂ္ဂီပြောင်းလဲရေးဆိုင်ရာ စည်းရုံးမှုကင်းမဲ့သော အလိုအလျှောက် ဖြစ်လာတတ်သော လမ်းစဉ်များသည် အရာမရောက်ဘဲ အသိဉာဏ်နှင့် ဦးဆောင်အပ်သော လူထု၏ လုပ်ငန်းသည်သာလျှင် ပြောင်မြောက်ခြင်းသို့ ရောက်လေသည်။

တော်လှန်ရေးများသည် ထုတ်ကုန်လုပ်ဆိုင်ရာ ရုပ်အင်အားစုများနှင့် ထုတ်ကုန်လုပ် အဆက်အသွယ်များ' အကြားရှိသော ပဋိပက္ခမှုများကို ချေဖျက်၍ အသစ်ဖြစ်သော အဆက်အသွယ်များကို တည်ထောင်ဖန်တီးပြီးလျှင် ထုတ်ကုန်လုပ် အင်အားစုများ နောက်ထပ် တိုးတက်ရေးအတွက် လမ်းသစ်ဖွင့်၍ ပေးလေသည်။



အားလုံးသော တော်လှန်ရေးတို့၏ အခြေခံပြဿနာကား အစိုးရဆိုင်ရာ ပြဿနာ ဖြစ်သည်။ လူ့အစည်းအရုံး ပြောင်းလဲရေး လမ်းမ၌ ခိုးလိုး-ခုလု တည်ရှိသော ဖောက်ပြန်ရေးသမား၊ အုပ်ချုပ်သူ လူတန်းစား၏ လက်မှ တော်လှန်ရေး လူတန်းစား၏ လက်သို့ အာဏာပြောင်းမှုသည် ထုံးစံအတိုင်း ပြင်းထန်သော လူတန်းစား ရုန်းကန်မှုဖြင့် အကောင်အထည် ပေါ်နိုင်သည်။ ၎င်းရုန်းကန်မှုသည် လူထုတရပ်လုံးကို တည်ရှိဆဲစနစ်ကို တိုက်ဖျက်ရေးအတွက် အတိအလင်း အပြင်းအထန် ရုန်းကန်ရန် တိုး၍တိုး၍ လှုံ့ဆော်ပေးတတ်လေသည်။ တော်လှန်ရေးခေတ်အတွင်း၌ သာမဂ္ဂီပြောင်းလဲရေးဆိုင်ရာ စည်းရုံးမှုကင်းမဲ့သော အလိုအလျှောက် ဖြစ်လာတတ်သော လမ်းစဉ်များသည် အရာမရောက်ဘဲ အသိဉာဏ်နှင့် ဦးဆောင်အပ်သော လူထု၏ လုပ်ငန်းသည်သာလျှင် ပြောင်မြောက်ခြင်းသို့ ရောက်လေသည်။


မာ့က္ခ(စ်) ၏ စကားလုံးကို အသုံးပြု၍ ပြောရလျှင် တော်လှန်ရေးများသည် ရာဇဝင်၏ ခေါင်းတွဲများ ဖြစ်ကြကုန်၏။

အသစ်ဖြစ်သော ထုတ်ကုန်လုပ် အင်အားစုနှင့် အဟောင်းဖြစ်သော ထုတ်ကုန်လုပ် အဆက်အသွယ် များ၏အကြား၌ တည်ရှိသော ပဋိပက္ခမှုများမှ၎င်း၊ လူ့အစည်းအရုံးဆိုင်ရာ အသစ်ဖြစ်သော စီးပွားရေး လိုလားချက်များမှ၎င်း၊ အသစ်ဖြစ်သော သာမဂ္ဂီအနုမာနများ ပေါ်ထွက်လာသည်။ ဤအသစ်ဖြစ်သော အနုမာနများသည် လူထုကို စုပေါင်း၍ စည်းရုံးပေးလေသည်။ လူထုကို အသစ်ဖြစ်သော နိုင်ငံရေး တပ်မတော် ဖြစ်အောင် ပုံသွင်းလိုက်လေသည်။ လူထုသည် အသစ်ဖြစ်သော တော်လှန်ရေးပါဝါ တခုဖြစ်လာ၍ ထုတ်ကုန်လုပ် အဆက်အသွယ်ဆိုင်ရာ စနစ်ဟောင်းကို အတင်းဖျက်သိမ်း၍ စနစ်သစ်ကို ခိုင်မြဲစွာတည်ထောင်ရာ၌ ၎င်းပါဝါကို အသုံးပြုလေသည်။ (စတာလင်ရေးသော DIALECTICAL AND HISTORICAL MATERIALISM : စာမျက်နှာ ၄၃-၄၄)


အမှန်အားဖြင့် သာမဂ္ဂီတော်လှန်ရေးများကို နန်းတွင်း အာဏာလုပွဲများနှင့် တသီးတခြား ကွဲကွဲပြားပြား နားလည်ရန် အရေးကြီးသည်။

တော်လှန်ရေးအတွင်း၌ ရှေးက နိုင်ငံရေးတွင် မပါဝင်သော လူထုကြီးတရပ်လုံးသည် အသိဉာဏ်နှင့် ယှဉ်သော နိုင်ငံရေး လှုပ်ရှားမှု အဆင့်အတန်းသို့ ရောက်အောင် မြင့်တက်၍ လာတတ်လေသည်။ ဤအချက်များကြောင့်သာလျှင် တော်ရေးခေတ်များသည် အစည်သဖြင့် သာမဂ္ဂီ ပြောင်းလဲမှုများ၏ အရှိန်ကို အပြင်းအထန် တိုးတက်စေခဲ့သည်။ မာ့က္ခ(စ်) ၏ စကားလုံးကို အသုံးပြု၍ ပြောရလျှင် တော်လှန်ရေးများသည် ရာဇဝင်၏ ခေါင်းတွဲများ ဖြစ်ကြကုန်၏။ အမှန်အားဖြင့် သာမဂ္ဂီတော်လှန်ရေးများကို နန်းတွင်း အာဏာလုပွဲများနှင့် တသီးတခြား ကွဲကွဲပြားပြား နားလည်ရန် အရေးကြီးသည်။


လူတန်းစား တခုက တခြားလူတန်းစာ တခုကို လက်နက်ဖြင့် ဖြိုဖျက်၍ လှဲချမှုတိုင်းကို တော်လှန်ရေးဟု မခေါ်ဆိုနိုင်ချေ။

ဤနန်းတွင်း အာဏာလုပွဲများသည် အကြမ်းဘက်မှုဖြင့် အစိုးရအဖွဲ့ဝင် လူကြီးများ၏ အပြောင်းအလဲကို (ဝါ) တမျိုးတည်းသော လူတန်းစားအတွင်း၌ လူတစု၏ လက်မှ အခြား လူတစု၏ လက်သို့ အာဏာ ပြောင်းလွှဲမှုများကိုသာလျှင် ဖော်ပြသည်။ နိုင်ငံတော် အုပ်ချုပ်သည့် ယန္တရားတခုလုံးကို အပြင်းအထန် ပြန်လည်တည်ဆောက်၍ လူတန်းစား တရပ်၏ လက်မှ အခြား လူတန်းစား တစု၏ လက်သို့ အာဏာပြောင်းလွှဲမှုသည် အစစ်ဖြစ်သော သာမဂ္ဂီ တော်လှန်ရေး၏ ပဓာန မှတ်ကျောက်ဖြစ်သည်။ (CLASS : အခန်းကို ကြည့်ပါ။)


ရှေးက အစိုးရဖြစ်ခဲ့၍ ခေတ်ကုန်သွားသော အာဏာကို သိမ်းပိုက်လျှင်၎င်း၊ ထိုသို့ ပြုလုပ်မှုသည် တော်လှန်ရေး အစစ်မဟုတ်ချေ။ စင်စစ်မှာ တန်ပြန် တော်လှန်ရေးသာလျှင် ဖြစ်၏။

သို့ရာတွင် လူတန်းစား တခုက တခြားလူတန်းစာ တခုကို လက်နက်ဖြင့် ဖြိုဖျက်၍ လှဲချမှုတိုင်းကို တော်လှန်ရေးဟု မခေါ်ဆိုနိုင်ချေ။ ဖောက်ပြန်သော လူတန်းစား တရပ်သည်တိုးတက်သော လူတန်းစား တရပ်ကို တော်လှန်ခဲ့လျှင်၎င်း၊ ရှေးက အစိုးရဖြစ်ခဲ့၍ ခေတ်ကုန်သွားသော အာဏာကို သိမ်းပိုက်လျှင်၎င်း၊ ထိုသို့ ပြုလုပ်မှုသည် တော်လှန်ရေး အစစ်မဟုတ်ချေ။ စင်စစ်မှာ တန်ပြန် တော်လှန်ရေးသာလျှင် ဖြစ်၏။


တော်လှန်ရေး အစစ်ဆိုသည်ကား၊ ခေါင်းဆောင် တိုးတက်သော လူတန်းစား (ဝါ) လူ့အစည်းအရုံး၏ ထုတ်ကုန်လုပ် အလားအလာများကို ဖော်ထုတ်၍ ပေးခြင်း၊ ၎င်း၏ စီးပွားရေး အဆက်အသွယ်များကို တည့်ကျမှန်ကန်အောင် ပြုလုပ်ခြင်း၊ လူ့အဆောက်အအုံ တခုလုံးတိုးတက် ဖြစ်စေခြင်းတို့ဖြင့် လူ့အစည်းအရုံး၏ နောက်ထပ် တိုးတက်ရေးအတွက် လမ်းဖွင့်၍ ပေးသော လူတန်းစားတို့၏ လက်သို့ အာဏာ ရောက်ရှိခြင်းဟု ဆိုလိုသည်။ ကျွန်ုပ်တို့သည် အခြေခံ သာမဂ္ဂီစနစ်ကို အမှီပြု၍၊ ကျွန်, တော်လှန်ရေး၊ အစေခံ တော်လှန်ရေး၊ ကုန်သည် တော်လှန်ရေး၊ အလုပ်သမား တော်လှန်ရေးဟူ၍ သာမဂ္ဂီ တော်လှန်ရေး အမျိုးမျိုးကို ခွဲခြားနိုင်သည်။


ထိုတော်လှန်ရေး၊ ဤတော်ရေး အုပ်စုများ၏ အလိုဆန္ဒသက်သက်ဖြင့် ရုတ်တရက်ချက်ခြင်း ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်ချေ။

တော်လှန်ရေး၏ လက္ခဏာ သို့မဟုတ် အသွင်အပြင်ကို ထိုတော်လှန်ရေး၏ ပြည့်စုံသော သာမဂ္ဂီ ရည်ညွှန်းချက်များ၊ ထို့ပြင် ထိုတော်လှန်ရေးက ချေမှုန်းလိုက်သော ပဋိပက္ခများဖြင့် သတ်မှတ်ပိုင်းခြားနိုင်လေ သည်။ တော်လှန်ရေးတို့၏ ပဓာန အင်အားစုတို့ကား တော်လှန်ရေး၏ စတင်လုပ်ကိုင်၍ ဆက်လက် အသက်သွင်းပေးနေသော ခေတ်လွန် လူတန်းစားများ၏ ခေတ်ကို လွှမ်းမိုးနိုင်သော လူတန်းစားများသည်။ သမာ သမဂ္ဂဝါဒီ ဟု ဆိုအပ်သော အလုပ်သမား တော်လှန်ရေးသည် ရှေးက တော်လှန်ရေးသွင်ပြင် အားလုံးနှင့် အခြေခံအားဖြင့် ကွဲပြားလေသည်။ ၎င်းသည်သာလျှင် လူနှင့် လူချင်း သွေးစုတ်မှုကို ရာဇဝင်အရ ပယ်ဖျက်နိုင်သော အစွမ်းရှိလေသည်။


အစစ်အမှန်ဖြစ်သော သာမဂ္ဂီတော်လှန်ရေးကို ထိုတော်လှန်ရေး၊ ဤတော်ရေး အုပ်စုများ၏ အလိုဆန္ဒသက်သက်ဖြင့် ရုတ်တရက်ချက်ခြင်း ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်ချေ။ တော်လှန်ရေးသည် ထင်ရှား ပြတ်သားသော ပတ်ဝန်းကျင် အခြေအနေများအရသာလျှင် မုချ လိုလားအပ်သော အရာဖြစ်သည်။ ၎င်းနှစ်မျိုးတို့၏ အပေါင်းကို တော်လှန်ရေး အခြေအနေ ဖြစ်သည်ဟူ၍ လီနင်က သမုတ်ခဲ့လေသည်။


သွေးစုတ်သူ လူတန်းစားနှင့် သွေးစုတ်ခံ လူတန်းစား နှစ်ရပ်လုံးကို ထိခိုက်သော ဝံသာနု အရေးတော်ပုံ မပေါ်ပေါက်မခြင်း တော်လှန်ရေး မဖြစ်နိုင်။

အားလုံးသော တော်လှန်ရေးများနှင့် အထူးဖြင့် (၂၀) ရာစုနှစ်အတွင်များ၌ ဖြစ်ပေါ်လာသော ရုရှားတော်လှန်ရေး သုံးမျိုးတို့ကြောင့် ခိုင်မာခြင်းသို့ရောက်သော ပဓာန တော်လှန်ရေး ဥပဒေသကား အောက်ပါအတိုင်း ဖြစ်သည်။ သွေးစုတ်ခံ နင်းပြား လူတန်းစားများ၊ စနစ်ဟောင်းအတွင်း၌ နေထိုင်၍ မဖြစ်တော်ပြီဟု နားလည်သဖြင့် ပြောင်းလွှဲမှုများကို လိုလားသော အချက်သည် တော်လှန်ရေးအတွက် လုံလောက်သော အခြေခံမဟုတ်ချေ။


တော်လှန်ရေးအတွက် အရေးကြီးသော အချက်ကား သွေးစုတ်သမားများကိုယ်တိုင် စနစ်ဟောင်း အတွင်း၌ နေထိုင်အုပ်စိုးရန် မစွမ်းနိုင်အောင် ဖန်တီးမှုဖြစ်သည်။ အောက်တန်းကျသော လူတန်းစားများသည် စနစ်ဟောင်းကို အကြင်အခါ၌ အလိုမရှိ ဖြစ်ကုန်၏။ ထို့ပြင် အထက်တန်းကျသော လူတန်းစားများ သည်လည်း စနစ်ဟောင်းအတွင်း၌ ဆက်လက်တည်တန့်ခြင်းငှာ မစွမ်းနိုင်ဖြစ်လာကြကုန်၏။ ထိုအခါ၌သာလျှင် တော်လှန်ရေး ‌အောင်မြင်နိုင်သည်။ အချုပ်ဆိုရသော် သွေးစုတ်သူ လူတန်းစားနှင့် သွေးစုတ်ခံ လူတန်းစား နှစ်ရပ်လုံးကို ထိခိုက်သော ဝံသာနု အရေးတော်ပုံ မပေါ်ပေါက်မခြင်း တော်လှန်ရေး မဖြစ်နိုင်။ (LEFT WING COMMUNISM , AN INFANTILE DISORDER : စာမျက်နှာ ၆၅ ကို ကြည့်ပါ။)


သို့ရာတွင် တော်လှန်ရေးဖြစ်ပေါ်၍ အောင်စေရန်အလို့ငှာ ဗဟိဒ္ဓတော်လှန်ရေး အခြေအနေ တခု တည်းဖြင့်သာလျှင် မလုံလောက်ချေ။ ပုဂ္ဂိုလ်ရေးဆန်သော (ဝါ) အခံသဘာဝများကို အတိုက် အခြေအနေများနှင့် ပူးပေါင်းရန် လိုသည်။ ဥပမာအားဖြင့်ဆိုရသော် ရဲရဲဝန့်ဝန့် ကိုယ်ကျိုးစွန်၍ ဆောင်ရွက် ရမည့်လုပ်ငန်းအတွက် တော်လှန်ရေးလူတန်းစား' အရည်အချင်းပြည်ဝမှုနှင့် လှုပ်ရှားမှု၌ ထုသားတေသားရ၍ နည်းပရိယာယ်ဆိုင်ရာ သေနင်္ဂဗျူဟာဆိုင်ရာ အရည်အချင်း တင်းပြည့် ကျပ်ပြည့်ရှိသော ခေါင်းဆာင်မှုရှိသည့် ပါတီတို့ ပူးပေါင်းပါဝင်ရန် အရေးကြီးသည်။


ဆရာတော် သျှင် ဥက္ကဋ္ဌ

ကမ္ဘာ့ အဘိဓမ္မာ လက်စွဲ (Handbook of Philosophy)

 

ဆရာအောင်သင်း၏ စာပေဟောပြောပွဲမှ - ဆရာတော် သျှင် ဥက္ကဋ္ဌ အကြောင်း



Commenti

Valutazione 0 stelle su 5.
Non ci sono ancora valutazioni

Aggiungi una valutazione
bottom of page