top of page

Washington (2020) Mini-Series (Documentary Film)

အမေရိကန်ပြည်ထောင်စုရဲ့ တည်ထောင်သူဖခင် (Founding Father) နဲ့ ပထမဆုံး သမ္မတကြီး ဂျော့ဝါ ရှင်တန် (George Washington) ရဲ့ ဘဝပုံရိပ်တွေကို တွေ့မြင်ကြရမယ့် အမေရိကန် တော်လှန်ရေးစစ်ပွဲနောက်ခံ သမိုင်းဖြစ်ရပ် မှန် အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင် Mini-series တစ်ခုဖြစ်တဲ့ Washington (2020) အကြောင်းကို မျှဝေပေးလိုက်ရပါတယ်။


သစ္စာစောင့်သိတဲ့ လက်အောက်ခံ (Loyal Subject), သူပုန်တပ်မှူး (Rebel Commander) နဲ့ နိုင်ငံ့ ဖခင်ကြီး (Father of His Country) လို့ ခေါင်းစဉ်ခွဲတွေနဲ့ မိနစ် (၉၀) စာ အပိုင်း (၃) ပိုင်းပါဝင်တဲ့ Mini-series မှတ်တမ်းရုပ်ရှင်ကို History ရုပ်သံလိုင်း ကြီးအပါအဝင် အမေရိကန်ပြည်ထောင်စု တလွှားက အခပေး ရုပ်သံကွန်ရက်တွေပေါ်မှာ ၂၀၂၀ ပြည့်နှစ်တုန်းက ပြသခဲ့တာပါ။


Film Information

Director - Matthew Ginsburg, Roel Reiné

Screenwriter - Matthew Ginsburg, Jeremiah Murphy, Kristen Burns, Ben Kaplan

Music - Stephen Phillips

Cinematography - Rolf Dekens, Roel Reiné

Cast - Documentary, Self: Jeff Daniels, Nicholas Rowe, Nia Roberts, etc..

Producer - Icon Films, Railsplitter Media, Railsplitter Pictures. Distributor: History Channel

Genre - TV Series. Documentary, Biography, War drama, History

Burmese Subtitle Info - Translation By Google Translate API


အမေရိကန် ပြည်ထောင်စု သမိုင်းရဲ့ အထင်ရှားဆုံး ခေါင်းဆောင်ကြီး တစ်ဦးရဲ့ ဘဝဆင့်ကဲဖြစ်စဉ်တွေ၊ ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းတွေ၊ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုနဲ့ အကြပ်အတည်းတွေကို အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် (Bill Clinton)၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပေါဝဲလ် (Colin Powell) တို့နဲ့အတူ ထင်ရှားကျော်ကြားတဲ့ ပူလစ်ဇာဆုရှင် (Pulitzer Prize(R) အမေရိကန် သမိုင်းဆရာ/ ဆရာမတွေဖြစ်ကြတဲ့ ဂျိုးဇက် ဂျေအဲလစ် (Joseph J. Ellis) ၊ အန်းနက်တီ ဂေါ်ဒွန်-ရိဒ် (Annette Gordon-Reed) အပြင် တခြားထင်ရှားတဲ့ အမေရိကန် သမိုင်းနဲ့ သမ္မတဆိုင်ရာသမိုင်းပညာ ရှင်တွေဖြစ်ကြတဲ့ ဂျွန် မီချမ် (Jon Meacham) ၊ အလန်တေလာ (Alan Taylor) နဲ့ အခြား ထင်ရှားတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းခန်းတွေ.. ပြောကြား ချက်တွေနဲ့ Washington (2020) ကို ဇာတ်အိမ်ဖွဲ့ တည်ဆောက် ထားတာပါ။


ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ တော်လှန်ရေး စစ်ပွဲကာလတွေက ရှားပါး သမိုင်းဝင် မှတ်တမ်း ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ နေရာဒေသတွေ၊ အထိမ်းအမှတ် ပစ္စည်းတွေကို လည်း မှတ်တမ်းရုပ်ရှင်ထဲမှာ တွေ့မြင်ကြရမှာဖြစ်တာကြောင့် အဲ့ဒီအချိန်ကာလတွေကို ရောက်ရှိသွားသလို ခံစား ကြရမှာပါ။



အဲ့ဒီလို မြောက်အမေရိကတိုက်က ဗြိတိသျှ ကိုလိုနီ ဒေသတွေ စုပေါင်းပြီး ကိုလိုနီဘဝကနေ လွတ်မြောက် ရေးအတွက် (၁၇၇၅ - ၁၇၈၃) အထိ (၈) နှစ်ကြာ ဆင်နွှဲခဲ့ကြရတဲ့ အမေရိကန် တော်လှန်ရေးစစ်ပွဲ နောက်ခံ သမိုင်းဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင် အဖြစ် ပြန်လည်ပုံဖော်တဲ့နေရာမှာတော့ -


သမ္မတကြီး ဂျော့ခ်ျ ဝါရှင်တန် (George Washington) အဖြစ် နီကိုးလပ်စ် ရိုဝီ (Nicholas Rowe) , အလက်ဇန္ဒား ဟယ်မီလ်တန် (Alexander Hamilton) အဖြစ် ဂျိမ်း ရော်ဘင်ဆင် (James Robinson) နဲ့ သောမတ်စ် ဂျက်ဖာဆန် (Thomas Jefferson) အဖြစ် နီကိုးလပ်စ် အော့ဒ်စလေ (Nicholas Audsley) တို့က အဓိက သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။


ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ နောက်ခံစကားပြော ကိုတော့ (The Newsroom) နဲ့ (Godless) စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ အဓိက သရုပ်ဆောင်အဖြစ် လူသိများတဲ့ - [ရုပ်မြင်သံကြား ဆိုင်ရာ အတတ်ပညာနှင့် အနုပညာရှင်ဆု တစ်ခုဖြစ်တဲ့] - အမ်မီဆုရှင် (Emmy Awards) မင်းသားကြီး ဂျက်ဖ် ဒန်ယဲလ် (Jeff Daniels) က တင်ဆက်ပေးထားတာပါ။



Washington (2020) မှတ်တမ်းရုပ်ရှင် Mini-series ထဲမှာတော့ ဗြိတိသျှတပ်မတော်မှာ အမှုထမ်းခဲ့တဲ့ သာမာန် အရာရှိငယ်လေးဘဝကနေ.. အောင်နိုင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးက တဆင့် အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတဖြစ်လာတဲ့ သမ္မတကြီး ဂျော့ဝါ ရှင်တန် (George Washington) ရဲ့ ဘဝပုံရိပ်တွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


ဒီလို သမ္မတကြီးရဲ့ ဘဝပုံရိပ်တွေကို သုံးဖက်မြင် (Three-Dimensional) အဖြစ် တွေ့မြင် လေ့လာ နိုင်ကြစေဖို့ သစ္စာစောင့်သိတဲ့ လက်အောက်ခံ (Loyal Subject), သူပုန်တပ်မှူး (Rebel Commander) နဲ့ နိုင်ငံ့ဖခင်ကြီး (Father of His Country) လို့ Mini-Series မှာပါဝင်တဲ့ ဇာတ်လမ်းအပိုင်း (၃) ပိုင်းကို သီးခြားခေါင်းစဉ် ခွဲတွေ ပေးပြီး တင်ဆက်ထားတာပါ။


OFFICIAL TRAILER [BURMESE SUBTITLE]

 
Season-1 Episodes-1 (Loyal Subject)

၁၇၅၄ ခုနှစ် - ဗြိတိသျှစစ်တပ်ရဲ့ ဗာဂျီးနီးယာ းတပ်ရင်းမှာ အမှုထမ်းနေတဲ့ ရည်မှန်းချက် ကြီးမားတဲ့ လူငယ်အရာရှိတစ်ဦအဖြစ် ဂျော့ခ်ျ ဝါရှင်တန်ကို စတင်တွေ့မြင်ကြရမှာဖြစ်ပါတယ်။


မျက်မှောက်ခေတ် ကနေဒါနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြားမှာ ဖယ်ဒရယ်ယူနစ် ပြည်နယ်တွေအဖြစ် သီးခြားစီပါဝင်နေကြပြီ ဖြစ်ပေမယ့်… အဲ့ဒီအချိန်က နိုင်ငံတစ်ခုအဖြစ် တည်ရှိနေတဲ့ ဌာနေ ရက်အင်ဒီးယန်းမျိုးနွယ်စုတွေ အဓိက နေထိုင်တဲ့ အီရိုကျူရပ်စ် (Iroquois) နိုင်ငံ နယ်နိမိတ်အနီးတွင် စခန်းချထားတဲ့ ပြင်သစ်စစ်တပ်ကို ရာဇသံပေးဖို့ အိုဟိုင်းယိုးပြည်နယ်ဆီကို ဂျော့ခ်ျ ဝါရှင်တန် စေလွှတ်တာ ခံခဲ့ရတာပါ။


အဲ့ဒီမှာ တာဝန်ထမ်းဆောင်နေစဉ် ဂျော့ခ်ျ ဝါရှင်တန်ရဲ့ စစ်ရေးအတွေ့အကြုံ နုနည်မှုကို အခွင့်ကောင်းယူပြီး အဲ့ဒီအချိန်က (Half-King) လို့ လူသိများတဲ့ မဟာမိတ် ဌာနေ ရက်အင်ဒီးယန်း မျိုးနွယ်စုခေါင်းဆောင်က ပြင်သစ်စစ်သားတွေကို စတင်တိုက်ခိုက်ပြီး (၉) နှစ်ကြာ ဖြစ်ပွားမယ့် ပြင်သစ်-အင်ဒီးယန်းစစ်ပွဲ (၁၇၅၄–၁၇၆၃) ကို အမှတ်မထင် စတင်တာကို ခံခဲ့ရပါတယ်။


ပြင်သစ်-အင်ဒီးယန်းစစ်ပွဲတွေထဲမှာတော့ မျက်မှောက်ခေတ် ပဲင်စီလ်ဗေးနီးယားပြည်နယ် (Pennsylvania) ရှိ ခံတပ် (Fort Necessity) ရှုံးနိမ့်မှု၊ မွန်ဂါဟီလာတိုက်ပွဲ (Battle of the Monongahela) မငြိမ်မသက်မှုတွေကြားမှာ ဂျော့ခ်ျ ဝါရှင်တန်ဟာ ပထမဆုံး အမေရိကန်တပ်ရင်း တစ်ခုကို တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ အဲ့ဒီနောက် ဒူကွိန်စ် ခံတပ် (Fort Duquesne) တိုက်ပွဲပြီးတဲ့နောက် ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ သူဟာ မုဆိုးမ မာသနဲ့ လက်ထပ်ပြီး လယ်သမားတစ်ဦးအဖြစ်သာ ဘဝကို ဖြတ်သန်းဖို့ ဆုံးဖြတ်ပြီး နေအိမ်ရှိရာ ဗာဂျီးနီးယားဘာနွန်တောင် (Mount Vernon) မှာ ပြန်လည်အချေချ နေထိုင်ရင်း စိုက်ပျိုးရေးနဲ့ သုတေသနဆိုင်ရာတွေကိုပဲ ဆောင်ရွက်နေတာပါ။

အဲ့ဒီလို နေထိုင်နေစဉ်ကာလ ၁၇၆၃ ခုနှစ်မှာတော့ ဗြိတိန်ဘုရင် ဂျော့ခ်ျ (၃) က မြောက်အမေရိကတိုက် အနောက်ဘက်ခြမ်းဒေသတွေမှာ မြေယာဝယ်ယူခွင့်ကို ပိတ်ပင်ကြောင်း ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တာပါ။


ဒါ့အပြင် ဗြိတိန်ဘုရင် ဂျော့ခ်ျ (၃) က အခွန် တံဆိပ်ခေါင်း အက်ဥပဒေကို စတင်ပြဌာန်းကာ မြေခွန်၊ ယာခွန်၊ ကျွန်ခွန်ကစတင်ကာ စာအုပ်နဲ့ သတင်းစာတို့လိုဟာမျိုးတွေပါမကျန် ကုန်ပစ္စည်း အားလုံး အပေါ် အခွန်အသစ်ပေါင်း များစွာကို ချမှတ် စစ်အင်အားကို အသုံးပြုပြီး အတင်းကြပ် အဓ္ဓမ ကောက်ခံမှုတွေကို ပြုလုပ်ခဲ့တာပါ။ အဲ့ဒီလို ဖိနှိပ် နှိပ်စက်ညှဉ်းပန်းမှုတွေကို ဗြိတိသျှကိုလိုနီနယ်မြေ (၁၃) က ပြည်သူတွေ ဆယ်စုနှစ်ကြာအောင် အလူးအလဲ ခံစားခဲ့ကြရတဲ့ အချိန်တွေကိုလည်း ဖြတ်သန်းခဲ့ကြရတာပါ။


အဲ့ဒီ ဖိနှိပ် နှိပ်စက်ညှဉ်းပန်းမှုတွေထဲက သမိုင်းဝင် အဆိုးယွားဆုံးဖြစ်ရပ် တစ်ခုကတော့ ဘော်စတွန် မာက်စ်စီကာ (Boston Massacre) လို့ခေါ်တဲ့ ၁၇၇၀ ပြည့်နှစ် ဘော်စတွန်လူသတ်ပွဲရယ်လို့ ထင်ရှားတဲ့ အခွန်ပေးဆောင်ဖို့နဲ့ ငြင်းဆန်တဲ့ ဗြိတိသျှထုတ်ကုန် ပစ္စည်းတွေကို သပိတ်မှောက်ခဲ့ကြတဲ့ ပြည်သူတွေကို ဗြိတိန်ဘုရင် ဂျော့ခ်ျ (၃) ရဲ့ စစ်တပ်က အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်း တစ်ခုအပါအဝင်ပါ။


အဲ့ဒီ ဘော်စတွန်လူသတ်ပွဲဟာ မကြာခင်မှာ ဖြစ်ပေါ် လာတော့မယ့် တော်လှန်ရေးစစ်ပွဲရဲ့ အစဖြစ်ခဲ့သလို ဗြတိသျှကုန်ပစ္စည်းတွေကို သပိတ်မှောက်တဲ့ (Boston Tea Party) လို့ လူသိများတဲ့ နိုင်ငံရေးအရ စုရုံး လှုပ်ရှားမှုတွေ.. "ကိုယ်စားမပြုရင် အခွန်မကောက်ရ" လို့ မြန်မာလို စီလျှော်အောင် အဓိပ္ပါယ်ပြန်ဆိုနိုင်မယ့် (No Taxation Without Representation) နိုင်ငံရေးအံတုမှုတွေကိုလည်း ဖြစ်ပေါ်လာစေခဲ့တာပါ။


အဲ့ဒီနိုင်ငံရေး လှုပ်ရှားအံတုမှုတွေမှာ ၁၇၄၄ ခုနှစ် ကတည်းက စတင်နေပြီဖြစ်တဲ့ ဗြိတိသျှကိုလိုနီနယ် (၁၃) နယ်က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်း ခေါ်ယူကျင်းပနေတဲ့ တိုက်ကြီးလုံးဆိုင်ရာ ကွန်တီနင်တယ် ကွန်ဂရက် (Continental Congress) ကြီးနဲ့ ကွန်ဂရက်ကို ယ်စားလှယ်တွေပါ ပါဝင်ခဲ့ပြီး တော်လှန်ရေးစစ်ပွဲကြီး တစ်ရပ်အဖြစ် ရောက်ခဲ့တာပါ။


အဲ့ဒီနေရာမှာတော့ ဗြိတိသျှကိုလိုနီဘဝကနေ လွတ်မြောက်ဖို့ လက်နက်ကိုင် တော်လှန်ရေးကြီးကို ဆင်နွှဲမှ ဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၁၇၇၅ ဒုတိယ ကွန်တီနင်တယ် ကွန်ဂရက် (Continental Congress) ကြီးက ချမှတ်ကာ ဗြိတိသျှကိုလိုနီနယ် (၁၃) နယ်က ပြည်သူ့စစ်တွေ၊ ဒေသခံဌာန တိုင်းရင်းသာ းလက်နက် တွေအားလုံးကို စုစည်းပြီး အမေရိကန် ပြည်ထောင်စုရဲ့ ဖက်ဒရယ် တပ်မတော်ကြီးရဲ့အစဖြစ်တဲ့ -


တိုက်ကြီးလုံးဆိုင်ရာ ကွန်တီနင်တယ် တပ်မတော် (Continental Army) ကို စတင် ဖွဲ့စည်းခဲ့ကြတာပါ။

အဲ့ဒီလိုဖွဲ့စည်းလိုက်တဲ့ တိုက်ကြီးလုံးဆိုင်ရာ ကွန်တီနင်တယ် တပ်မတော် (Continental Army) ကို ဦးစီးဖို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနဲ့ (တော်လှန်ရေးခေါင်းဆောင်) အဖြစ် ဂျော့ခ်ျ ဝါရှင်တန် (George Washington) ကို ကွန်တီနင်တယ် ကွန်ဂရက် (Continental Congress) ကန်ကွက်သူ မရှိ အများသဘောတူ ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်တာ ခံခဲ့ရတဲ့အကြောင်းတွေကို ဒီအပိုင်းမှာ တွေ့မြင်ကြရမှာပါ။


ဆိုတဲ့အခါမှာတော့ အဲ့ဒီလို ကွန်တီနင်တယ် တပ်မတော် (Continental Army) ကြီးကို ဦးဆောင်ဖို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ရွေးကောက်တင်မြှောက် တာဝန်ပေးတာ ခံခဲ့ရပေမယ့် ဂျော့ခ်ျ ဝါရှင်တန် (George Washington) အတွက်ကတော့ လွတ်ကူတဲ့ တာဝန်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။


အထူးသဖြင့် သူလို ဗြိတိန်ဘုရင်အပေါ် သစ္စာစောင့်သိတဲ့ လက်အောက်ခံ (Loyal Subject) ရဲ့ တပ်မှူးအဖြစ်ကနေ, သူပုန်ခေါင်းဆောင်တပ်မှူး (Rebel Commander) အဖြစ် တာဝန်ကြေပွန်အောင် ထမ်းဆောင်ဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲကြပ်တည်းကာ စိန်ခေါ်မှု ကြီးမားခဲ့လဲဆိုတာတွေကို သမိုင်းသင်ခန်းစာယူဖွယ်၊ အားကျ အတုယူဖွယ်ပေါင်းများစွာနဲ့ ကြည့်ရှု့ခံစား သင်ခန်းစာ ရယူနိုင်ကြမှာဖြစ်ပါတယ်။


Review On YouTube | Washington [2020] [Part-1-1]
 
Season-1 Episodes-2 (Rebel Commander)

၁၇၇၆ ခုနှစ်တွင် ဝါရှင်တန်၏ ကွန်တီနင်တယ် တပ်မတော် (Continental Army) ဟာ စည်းကမ်းမဲ့ စုတ်ပြတ်သတ်နေတဲ့ တပ်သား တွေနဲ့အတူ ဗြိတိသျှအင်ပါယာနဲ့ ဆင်နွှဲမယ့် စစ်ပွဲအတွက် ပြင်ဆင်နေပုံတွေနဲ့ ဇာတ်လမ်းတွဲရဲ့ ဒုတိယပိုင်း သူပုန်တပ်မှူး (Rebel Commander) ကို စတင်ဖွင့်လှစ် ထားပါတယ်။

သူရဲ့ တိုက်ပွဲနဲ့ စစ်ရေးအတွေ့အကြုံ မရှိသေးသလို ခြေစမ်းပွဲ မကစားရသေးတဲ့ စစ်တပ်နှင့်အတူ စစ်ချီမှု အချို့ပြုလုပ်ပြီးတဲ့ နောက်ဟာ ဝါရှင်တန်ဟာ သူ့ကို ကွန်တီနင်တယ် ကွန်ဂရက်ကနေ မဖြစ်နိုင်တဲ့ တာဝန်တစ်ခုပေးထားကြောင်း မကြာမီ သဘောပေါက်လာခဲ့ရပါတော့တယ်။


ဒါပေမယ့်လည်း စည်းကမ်းမဲ့ စုတ်ပြတ်သတ်နေတဲ့ ကွန်တီနင်တယ် တပ်မတော် (Continental Army) ကို သူ့ရဲ့ စစ်ရေး အတွေ့အကြုံတွေကို အခြေခံပြီး အမိန့်နာခံပြီး စည်းကမ်းပြည့်ဝတဲ့ တပ်မတော် တစ်ရပ်ဖြစ်အောင် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမှုတွေနဲ့အတူ ဘယ်လိုတွေ ပြုစုပျိုးထောင် တည်ထောင်ယူခဲ့လဲဆိုတာတွေကိုလည်း ဒီအပိုင်းမှာ တွေ့မြင်ကြရမှာပါ။


ဒီလို မျက်မှောက်ခေတ် အမေရိကန်ပြည်ထောင်စုရဲ့ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်မျိုးဖြစ်ဖို့ ၁၇၇၆ ခုနှစ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ နီးပါး) ကာလ တွေ ကတည်းက ဝါရှင်တန်ဟာ တော်လှန်ရေး စိတ်ဓာတ် အင်မတန် တက်ကြွပြီးနေကြတဲ့ ပြည်ထောင်စုကို ချစ်မြတ်နိုးကြပြီး လက်ရုံးရည်ရော နှလုံးရည်မှာပါ ထက်မြတ် ပြည့်ဝကြတဲ့ လူငယ်အရာရှိတွေဖြစ်ကြတဲ့ ဟင်နရီ နော့စ် (Henry Knox) , နေသန်နီရယ် ဂရင်း (Nathaniel Green) နဲ့ အလက်ဇန္ဒား ဟယ်မီလ်တန် (Alexander Hamilton) တို့နဲ့ အတူ ဗြိတိသျှတပ်မတော်ကို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲနိုင်မယ့် စစ်အင်အားအကြီးဆုံး တပ်မတော် တစ်ရပ်ကို ဖွဲ့စည်းတည်ထောင် နိုင်ခဲ့တာပါ။


တစ်ချိန်တည်းမှာပင် ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဟိုး Howe ရဲ့ ဗြိတိသျှ စစ်သင်္ဘောများက နယူးယောက်ခ် ဆိပ်ကမ်းကို ရွက်လွှင့်ရောက်ရှိလာချိန်မှာတော့ - မြောက်အမေရိကတိုက်ရှိ ဗြိတိသျှ ကိုလိုနီတွေ အားလုံး စည်းလုံးညီညွတ်စွာနဲ့ လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်နိုင်ရေးတွေအတွက် မူကြမ်းရေးဆွဲရေးအတွက် ဘယ်လိုတွေ ဆောင်ရွက်ခဲ့ကြရတယ် ဆိုတာတွေကို လည်း တွေ့မြင်ကြရမှာပါ။


အမေရိကန် တော်လှန်ရေး စစ်ပွဲရဲ့ ပထမဆုံးနဲ့ အဓိကအကျတိုက်ပွဲဖြစ်တဲ့ လောင်း ကျွန်း (Long Island) တိုက်ပွဲအတွင်း ဝါရှင်တန်ရဲ့ စစ်တပ်ဟာ ဗြိတိသျှစစ်တပ်တို့ရဲ့ ချေမှုန်းမှုကို ခံရပြီး ညတွင်းချင်းမှာပင် ရဲရင့်ပျက်သွားစွာနဲ့ စစ်ပရိယာယ်တွေကို ပြောင်းလဲပြီး တပ်မတော်ကြီး တစ်ခုလုံးကို ဦးဆောင်ပြီး တိုက်ပွဲလမ်းကြောင်းကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာတွေကိုလည်း သင်ခန်းစာယူဖွယ် တွေ့ကြရမှာပါ။


မန်ဟက်တန်ကို ရှုံးနိမ့်ပြီးနောက် ကျန်တဲ့ စစ်သား ၆,၀၀၀ နဲ့ နယူးဂျာစီဘက်ကို ဘယ်လိုတွေ ပြောင်းရွှေ့ခဲ့ရတယ်။ နှင်းမုန်တိုင်းတစ်ခုတွင် ပြင်းထန်တဲ့ ရာသီဥတုကို အံတုရင်း ထိုးစစ်ကို ဘယ်လို ပြန်လည်ဆင်နွှဲခဲ့တယ် ဆိုတာတွေကလည်း စိတ်ဝင်စားစရာ အင်မတန် ကောင်းလှတာပါ။


ဒါအပြင် မြောက်အမေရိကတိုက် တခွင်မှာ လိုနီနယ်ချဲမှုတွေကို အပြိုင်ပြုလုပ်နေတဲ့ ဗြိတိသျှနဲ့ ပြင်သစ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေတဲ့ အပေါ် အခြေပြုပြီး စစ်အင်အားပါဝါ ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်အောင် သံခင်း၊ တမံခင်းပညာရပ်တွေကို အသုံးချခဲ့ပုံတွေကလည်း သင်ခန်းစာ ယူဖွယ်ရာ တွေ့ကြရအုန်းမှာပါ။


ဒီနေရာမှာတော့ ပြင်သစ်နဲ့ မဟာမိတ်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တာကြောင့် ပြင်သစ်ဗိုလ်ချုပ် မာကွစ် ဒီ လာဖာရက် (Marquis de Lafayette) ရဲ့ ကြည်းတပ်နဲ့ ရေတပ်အကူအညီတွေ ရရှိခဲ့တာကလည်း ဗြိတိသျှတပ်တွေကို အောင်နိုင်စေခဲ့တဲ့ အဓိက အကြောင်းတစ်ရပ်လည်း ဖြစ်နေတာပါ။


အဲ့ဒီလိုတွေ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ကိုကတော့ ဘင်ဂျမင် ဖရန့်ကလင် (Benjamin Franklin) ကို ပြင်သစ်အထိ စေလွှတ်ပြီး မဟာမိတ်ဖွဲ့နိုင်ဖို့အရေး စည်းရုံး ဆောင်ရွက်ခဲ့ကြရတာပါ။


ဒါ့အပြင် တော်လှန်ရေးစစ်ပွဲတို့ သဘောမှာ ငွေကြေး၊ လက်နက်၊ စစ်အင်အား ချို့တဲ့မှုတွေနဲ့ပဲ ဆင်နွှဲကြရလေ့ ရှိတဲ့အခါမှာ ဝါရှင်တန်ရဲ့ ကွန်တီနင်တယ် တပ်မတော် (Continental Army) ကြီးဟာ လည်း တော်လှန်ရေးစစ်ပွဲ ဆင်နွှဲရင်း ရန်ပုံငွေပျက်လက်မှုနဲ့ လက်နက်၊ ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ ကြရတာပါ။ ဒီလိုကြုံတွေ့နေရပေမယ့် အစွန်းဆုံဆုံးနဲ့ မဖြစ်မနေအခြေအနေမျိုး ကျမှသာ ရန်ပုံငွေအတွက် ပြည်သူတွေဆီကနေ လှူဒါန်ခံမှုတွေကို ပြုလုပ်ခဲ့တာပါ။ (ဂတီး.. ဂတီ.. အလှူမခံပါ) ဒီလို အကြောင်းအရာတွေကို အတုယူ လေးစားဖွယ် သူပုန်တပ်မှူး (Rebel Commander) ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ ဒုတိယပိုင်းမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


Review On YouTube | Washington [2020] [Part-1-2]
 
Season-1 Episodes-3 (Father of His Country)

၁၇၈၁ ခုနှစ်မှာတော့ တော်လှန်ရေးစစ်ပွဲက (၆) နှစ်တိုင် ကြာမြှင့်လာခဲ့ပြီဖြစ်သလို အဆုံးမသတ် နိုင်သေးတဲ့ အခြေအနေမှာ ဝါရှင်တန်အနေနဲ့ သူ့ရဲ့ ကွန်တီနင်တယ် တပ်မတော် (Continental Army) ကြီးအတွင်း မြူတနီ (Mutiny) လို့ ခေါ်တဲ့ "တပ်တွင်းပုန်ကန်မှု" တွေနဲ့ ကြုံတွေ့ လာရပုံတွေနဲ့ ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိုင်းဖြစ်တဲ့ တတိယပိုင်း ဖြစ်တဲ့ နိုင်ငံ့ဖခင်ကြီး (Father of His Country) အပိုင်းကို စတင်ထားပါတယ်။


တော်လှန်ရေးစစ်ပွဲတို့ သဘောတရားမှာကိုက အသက်၊ ဘဝ၊ ခန္ဓာစတဲ့ ဘဝတန်ဘိုးတွေကို လူတစ်ဦး တစ်ယောက်အနေနဲ့ စေတနာစိတ်နဲ့ သဒါတရား ရှိသဘောက် ဒါနပြုပြီး ပါဝင်ဆင်နွှဲကြရတာမျိုးပါ။ ဒါပေမယ့်လည်း စေတနာ့ဝန်ထမ်းတွေအဖြစ် တော်လှန်ရေးမှာ စစ်သားတွေအဖြစ် အခကြေးငွေ မယူဘဲ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြရတာတွေ ကလည်း မြူတနီ (Mutiny) လို့ ခေါ်တဲ့ "တပ်တွင်း ပုန်ကန်မှု" ကို ဖြစ်ပေါ်စေခဲ့တဲ့ အဓိက အကြောင်းအရင်း တစ်ရပ်လည်း ဖြစ်နေပါတယ်။


ဒီလို ကွန်တီနင်တယ် တပ်မတော် (Continental Army) က တပ်မတော်သားတွေရဲ့ မြူတနီ (Mutiny) လို့ ခေါ်တဲ့ "တပ်တွင်းပုန်ကန်မှု" ကို ဝါရှင်တန်အနေနဲ့ လျင်မြန်စွာချေမှုန်းပြီး သူရဲ့ တပ်မတော်ကြီးကို ဘယ်လို နည်းလမ်းတွေနဲ့ ကယ်တင်ခဲ့တယ်ဆိုတာတွေကလည်း အင်မတန်မှ တန်ဘိုးကြီးမားလှတဲ့ သမိုင်းအတွေ့အကြုံ တွေအဖြစ် တွေ့မြင်ကြရမှာဖြစ်ပါတယ်။


အဲ့ဒီလို အခက်အခဲ အကြပ်အတည်းတွေနဲ့ ဘယ်လိုပင် ရင်ဆိုင်ကြုံတွေ့နေရပါစေ ဂျော့ဝါရှင်တန် ဟာ ကာလရှည်ကြာလာပြီ ဖြစ်တဲ့ တော်လှန်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ရေး မီးကုန်ယမ်းကုန် ကြိုးစားခဲ့ရတာပါ။ ဒီနေရာမှာတော့ အဆုံးသတ်တိုက်ပွဲဆင်နွှဲပြီး တော်လှ န်စစ်ကို အဆုံးသတ်နိုင်ဖို့ ပြင်သစ်ရေတပ်ရဲ့ အကူအညီ ကို ရယူခဲ့တာပါ။


ပြင်သစ်ရေတပ်ရဲ့ အကူအအညီနဲ့ ဗြိတိသျှ ဗိုလ်ချုပ် ကော်ဝေါလစ် (General Cornwallis) ရဲ့ ဗာဂျီးနီး ယားစခန်းကို အလုံးစုံ ချေမှုန်းတဲ့ အနေနဲ့ ရော့ခ်တောင်း (Yorktown) ကို အမြောက် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြစ်ခတ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သမိုင်းဝင် တော်လှန်စစ် အဆုံးသတ်တိုက်ပွဲကြီးရဲ့ ပုံရိပ်တွေကို လည်း ဒီဇာတ်သိမ်းပိုင်းထဲမှာ တွေ့မြင်ကြရမှာ ဖြစ်ပါ တယ်။


အဲ့ဒီတိုက်ပွဲ အပြီးမှာပဲ ဗြိတိသျှတပ်တွေ လက်နက် ချပြီး နှစ်နှစ်အကြာ ၁၇၈၃ ခုနှစ်မှာ ငြိမ်းချမ်းရေး စာချုပ်ကို သဘောတူချုပ်ပြီး တော်လှန်ရေးစစ်ပွဲကြီးကို အောင်ပွဲနဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီလို တော်လှန်ရေးအောင်မြင်မှုနဲ့ အသက် ၅၇ နှစ်ရှိ စစ်ဗိုလ် ချုပ်ကြီး ဝါရှင်တန်ဟာ ကမ္ဘာ့သမိုင်း စာမျက်နှာမှာ အသစ်ပေါ်ထွန်း လာတဲ့ နိုင်ငံသစ်ကို ဆက်လက် အုပ်ချုပ်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတအဖြစ် အမည်စာရင်း တင်သွင်းတာကို ခံခဲ့ရပုံတွေ ကိုလည်း တွေ့မြင်ကြရမှာပါ။


အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့ပြီးတဲ့နောက်မှာတော့ သမ္မတကြီး ဝါရှင်တန် ဟာ သူရဲ့ ပထမဆုံး အစိုးရအဖွဲ့ကို ဂျိမ်း မက်ဒီဆင် (James Madison) ၊ သောမတ်စ် ဂျက်ဖာဆန် (Thomas Jefferson) နှင့် သူ၏ ယုံကြည်ရဆုံး ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဘင်ဂျမင် ဖရန့်ကလင် (Benjamin Franklin) ဟင်နရီ နော့စ် (Henry Knox) ဟယ်မီလ်တန် (Hamilton) တို့ကို ပြည်ထောင်စု ဝန်ကြီးတွေ အဖြစ် တာဝန်တွေ အသီးသီး ပေးအပ် ခန့်အပ်ခဲ့တာပါ။


သူ့ကိုယ်တိုင်ရဲ့ အကြံဉာဏ်တွေနဲ့ အဲ့ဒီပုဂ္ဂိုလ်တွေဆီက ရရှိတဲ့ အကြံဉာဏ်တွေနဲ့ ပေါင်းစပ်ပြီး အစိုးရဌာနခွဲတွေ ဖွဲ့စည်းမှု၊ အခွင့်အရေးများ ဆိုင်ရာဥပဒေမူကြမ်းတွေ၊ ဖယ်ဒရယ်အခြေခံ မူလ တာဝန်နဲ့ ရပိုင်ခွင့်တွေ အပါအဝင် ဘဏ္ဍာရေးစနစ်၊ လူထုဆက်သွယ်ရေးစနစ် စတဲ့ အစိုးရယန္တယား တွေကို တီထွင်ကာ အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်ကို စတင် တည်ဆောက်ခဲ့ ကြပုံတွေကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


ဒါပေမယ့် တိုင်းပြည်က နုနု - မုန်တိုင်းက ထန်ထန်ဆိုတဲ့ စကားလိုပါပဲ အခွန်ကောက်ခံမှု စနစ်သစ်အပေါ် မကြေနပ်ကြတဲ့ ပြည်သူတွေရဲ့ အုံကြွမှု တွေအပါအဝင် ဘဏ္ဍာရေးစနစ်တွေနဲ့ လူနေမှု ဘဝ ပုံစံ အပြောင်းအလဲပေါင်းများစွာကြောင့် ဖြစ်ပေါ်လာတဲ့ အသစ်အဆန်းပေါင်းများစွာနဲ့ မတူကွဲပြားမှုများစွ ာတွေကတဆင့် ပဋိပက္ခပေါင်း များစွာရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကိုလည်း ရင်ဆိုင် ကြုံတွေ့ခဲ့ရတာပါ။


ဒီလိုသက်တမ်းနုနယ်လှသေးတဲ့ ပြည်ထောင်စု အသစ်မှာ အဓိကအားဖြင့် ဝီစကီအပေါ် ကောက်ခံတဲ့ အခွန်အပါအဝင် အခွန်စနစ်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေကိုလည်း ရင်ဆိုင်နေရတာပါ။ ပြည်ထောင်စုတစ်ရပ်လုံး ကိုပါ ခြိမ်းခြောက်တဲ့ အဆင့်အထိ ရောက်ရှိလာတဲ့ လူတိုင်း သဘောတူထောက်ခံ ကြပေမယ့် အံ့ကြွမှုတွေကတဆင့် ပုန်ကန်မှုတွေ အထိ ဖြစ်ပေါ်လာမှာကိုတော့ လူတိုင်းက သဘောမတူကြတာမျိုး မဟုတ်တဲ့အတွက် ဝါရှင်တန်ဟာ ဒီအရေးကိစ္စတွေကို အဆုံးသတ်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။


သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရပြီးချိန်မှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့ အနေနဲ့ သဘောမတူတဲ့ ပုန်ကန်မှုတွေကို နှိမ်နင်းဖို့အတွက် ကွန်တီနင်တယ် တပ်မတော် (Continental Army) နဲ့ မတူညီတဲ့ ယူနီဖောင်းတွေ ၀တ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့တွေကို ဖွဲ့စည်းပြီး ကိုင်တွယ် ဆောင်ရွက်ခဲ့တာပါ။


၁၇၉၅ ခုနှစ်မှာတော့ ဝါရှင်တန်ဟာ သူ့ရဲ့ သမ္မတရာထူးကို ဂျွန် အဒမ်စ် (John Adams) ဆီ လွှဲပြောင်းပေးအပ်ကာ သမ္မတ တာဝန်ကနေ အနားယူခဲ့ပါတယ်။ သမ္မတ တာဝန်ကနေ အငြိမ်းစားယူပြီး (၂) နှစ် အကြာမှာတော့ လည်ချောင်းနာတဲ့ ရောဂါနဲ့ ၁၇၉၇ ခုနှစ် အသက် (၆၇) ကွယ်လွန်သွားခဲ့တဲ့ ဘဝ နောက်ဆုံး အချိန်တွေကိုပါ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


Review On YouTube | Washington [2020] [Part-1-3]
 
နိဂုံး

နောက်ဆုံးအနေနဲ့ကတော့ သမ္မတကြီး ဂျော့ဝါ ရှင်တန် (George Washington) ရဲ့ ဘဝပုံရိပ်တွေကို သုံးဖက်မြင် (Three-Dimensional) အဖြစ် သစ္စာစောင့်သိတဲ့ လက်အောက်ခံ (Loyal Subject), သူပုန်တပ်မှူး (Rebel Commander) နဲ့ နိုင်ငံ့ဖခင်ကြီး (Father of His Country) ဆိုတဲ့ အပိုင်း (၃) ပိုင်းပါဝင်တဲ့ Mini-series တစ်ခုဖြစ်တဲ့ Washington (2020) အမေရိကန် တော်လှန်ရေးစစ်ပွဲနောက်ခံ သမိုင်းဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင်ကနေ ရယူမိလိုက်တဲ့ သမိုင်းသင်ခန်းစာကတော့ ရှေ့မှာ ပြောခဲ့တဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ ကျော်စွာ (၁၀၀) စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဝါရှင်တန် ကို သမိုင်းမှာ ထင်ရှားစေတဲ့ အချက်ကြီး (၃) ချက်ထဲက နောက်ဆုံးအချက်ထဲက -


ဂျော့ဝါရှင်တန်လို အရည်အချင်းကြီးပြီး စာရိတ္တကောင်းသူမျိုးကို ပထမသမ္မတ တင်မြှောက်နိုင်ခြင်းကို ကံကောင်း တယ်လို့ ဆိုနိုင်ပါတယ်။ တောင်အမေရိကနဲ့ အာဖရိက ပြည်နယ်တွေရဲ့ သမိုင်းကိုပြန်ကြည့်ရင်‌ ပွဲဦးထွက်မှာ အများပြည်သူ အစိုးရနဲ့စပြီး မကြာခင် လက်နက်ကိုင်တွေ စီမံအုပ်စီးတဲ့ အခြေအနေကို ကူးပြောင်းသွားတာ တွေ့ရတယ်။ အဲဒီအခြေအနေမျိုးမှာ ဝါရှင်တန်က အင်မတန် အစွဲအယူသန်တဲ့ ခေါင်းဆောင်ဖြစ်ပြီး မူလ ချမှတ်တဲ့ပုံစံကို မတိမ်းမယိမ်းအောင် ထိန်းမယ်။ ကိုယ်တိုင်ကလည်း တန်ခိုးအာဏာကို အကြာအရှည် ယူထားလိုစိတ် မရှိ။ သူက မင်း၊ အာဏာရှင် ဆိုသူမျိုး မဖြစ်လို၊ အာဏာကို အေးအေး သာသာ လက်လွှတ်တဲ့ အစဉ်အလာလည်း သူကစပြီး ဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလို ပြည်ထောင်စုမှာ ကနေ့အထိ ဖြစ်ပါတယ်။


ဆိုတဲ့ အချက်ကို ပြန်လည် ပြောပြရင်း - လစ်ဘရယ် ဒီမိုကရေစီစနစ်ရဲ့ ဖခင် - ဉာဏ်အလင်းခေတ် အတွေးအခေါ် ပညာရှင်ကြီး ဂျွန် လော့ခ် (John Locke) ရဲ့ လူမှုရေးပဋိဉာဏ် (Social Contract) သီအိုရီ တွေအတိုင်း လူသားနဲ့ သူနေထိုင်ရှင်သန်မယ့် လောက အကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်အုပ်နဲ့ ဒီမိုကရေစီစနစ်ရဲ့ ထုံးစံအတိုင်း ရွေးကောက်ပွဲတွေ ရှိတဲ့နိုင်ငံရေး ဖြစ်စဉ်တွေကို ဖြတ်သန်းကြရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်က နိုင်ငံရေးဖြစ်စဉ်တွေကို ဖြတ်သန်းကြတဲ့ အခါမျိုးမှာပဲ ဖြစ်စေ သမ္မတကြီး ဂျော့ဝါ ရှင်တန် (George Washington) ဆီကနေ လေ့လာသင်ကြားခွင့် ရရှိခဲ့တဲ့ လောကအမြင်တွေကို ထည့်သွင်းစဉ်းစားချင့်ချိန် ထိုးထွင်းစဉ်ချင်ပြီး ဆောင်ရွက် ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း အဆုံးသတ်လိုက်ရပါတယ်။


YouTube - MCN'S SHOWBIZ - HAMILON MUSICAL (2020)
 
WATCH FULL FILMS @ MCN TV PLUS’S POST

[Watch Full Film @ https://t.me/mcntvplus ]

---

Season 1 - Episode 1 (ပထမပိုင်း)

သစ္စာစောင့်သိတဲ့ လက်အောက်ခံ [Loyal Subject]

[BurmeseSubtitle] [Warch @ Telegram mcntvplus Channel - https://t.me/mcntvplus/125 ]

---

Season 1 - Episode 2 (ဒုတိယပိုင်း)

သူပုန်တပ်မှူး [Rebel Commander]

[BurmeseSubtitle] [Watch @ Telegram mcntvplus Channel - https://t.me/mcntvplus/134 ]

---

Season 1 - Episode 3 (ဇာတ်သိမ်းပိုင်း)

နိုင်ငံ့ဖခင်ကြီး [Father of His Country]

[BurmeseSubtitle] [Watch @ Telegram mcntvplus channel https://t.me/mcntvplus/154 ]


Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page