အစွဲ နှင့် ခေါင်းဆောင်မှု
မြန်မာ့နိုင်ငံရေး ဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန်သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးကမှတ်ချက်ပြုဖူးသည်။ ဤအချက်ကဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်စေရေးအတွက် ခက်ခဲနိုင်သလို၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေးအတွက် အထောက်အကူ ဖြစ်စေသည်ဟုလည်း သူက ကောက်ချက်ချခဲ့သည်။ စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဉာဏ်မီ သလောက်ဆိုရလျင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့်ကောက်ချက်မှာ သွေးထွက်အောင်မှန်သည်ဟု ထင်ပါသည်။
တစ်ခုတော့ရှိသည်။ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုက၊ ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲကို ဖေါက်ထွင်းစဉ်းစားနိုင်လျင်မူ၊ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။ ဥပမာ-ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေးကြိုးပမ်း မှုနောက်ဆုံး အဆင့်။ ထိုစဉ်ကာလ ၊ပြည်တွင်းမှာရော၊နိုင်ငံတကာတွင်ပါ သြဇာကြီးလှသော၊ လက်ဝဲရယ်ဒီကယ်လှိုင်းကြီးကိုကျော်ပြီး၊ လွတ်လပ်ရေးအရယူပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ခေါင်းဆောင်မှုမျိုး ဖြစ်သည်။
အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုက၊ ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲကို ဖေါက်ထွင်းစဉ်းစားနိုင်လျင်မူ၊ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။
သို့နှင့်တိုင် ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်း လွတ်လပ်ရေးခေတ်ဦးမှာပင် ၊ လက်ဝဲ လက်ယာ အပြုတ်တိုက် ရယ်ဒီကယ်လှိုင်းများကို မကျော်လွှားနိုင်ရာမှ၊ပြည်တွင်းစစ်၊ ဇတ်နာကြီး နှင့် တိုးခဲ့ရသည်။ အကျိုးဆက်ကား၊ အားယူခါစ ဒီမိုကရေစီ နိုင်ငံရေးစနစ် သက်တမ်းကုန်သွားခြင်းပင်။ သည်လိုနှင့် ဆယ်စုများစွာ ပျောက်ဆုံးသွားခဲ့ရသော ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းနိုင်ဖို့၊ မနည်းကြိုးစားရုန်းကန် နေရဆဲမှာပင်၊ ရယ်ဒီကယ် အန္တရာယ်လှိုင်းများကား ဆုံးပဲမဆုံးနိုင်။ တစ်ကျော့ တဖန် ပြန်လည်အားသစ်လာသည်ကို တွေ့နေရသည်။
ဓလေ့နှစ်မျိုး
ဤနေရာတွင်၊ စကားလုံးများနှင့် ဆက်စပ်နေသော သဘောထားများကို၊ပြန်ရှင်းဖို့လိုမည် ထင်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက်အရ၊“ရယ်ဒီကယ်” ဆိုသည်မှာ၊“အရင်းအမြစ်မှတော်လှန်ပြောင်းလဲလိုသော”ဟု အဓိပ္ပါယ်ရသည်။နိုင်ငံရေးအရဆိုလျှင်၊သဘောထားမတူသူချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ရည်ရွယ်သော၊ ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေးဓလေ့ပင် ဖြစ်သည်။ ဆိုရလျင် ပြည်တွင်းစစ် “ချသမိုင်း“ကြီးကို မွေးထုတ်လိုက်သည်မှာ ဤဓလေ့ပင်ဖြစ်သည်။
ကြည့်ပါ။ ၁၉၄၈ နောက်ပိုင်း၊ အစိုးရအဆက်ဆက်၏ ရည်မှန်းချက်မှာ၊ သူပုန်သကန်အမြစ်ဖြုတ် ရေးဖြစ်သည်။ အပြန်အလှန်အနေနှင့်၊တောတွင်းလက်နက်ကိုင် အင်အားစုအသီးသီး၏ ရည်မှန်းချက် မှာလည်း၊ အစိုးရဖြုတ်ချရေးပင်ဖြစ်သည်။ သူ့အကြောင်းနှင့်သူ အစိုးရတွေပြောင်းသွားသော်လည် ၊ “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကြောင့် ပြုတ်ကျသွားသော အစိုးရဆို၍ တစ်ခုမှမရှိ။ တစ်ဘက်က သူပုန်လည်းအမြစ်မပြတ်။ တိုင်းပြည်သာ စုတ်ပြတ်သွားခဲ့ရသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသာ စတေးခဲ့ရသည်။ ရယ်ဒီကယ် ဓလေ့ဖြင့်၊ပြည်တွင်းစစ် မရပ်နိုင်သည့်သာဓက။ ဒီမိုကရေစီ ရေစုန်မျော ခဲ့ရသည့် သင်ခန်းစာ။
![](https://static.wixstatic.com/media/b6a67b_9eeab9a941d74a229d0f4663b3182495~mv2.jpg/v1/fill/w_900,h_420,al_c,q_85,enc_auto/b6a67b_9eeab9a941d74a229d0f4663b3182495~mv2.jpg)
ဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်ဖို့ဆိုလျင် “သဘောထားမတူသူများ၊ အတူလက်တွဲညှိနှိုင်း ဆောင်ရွက်ကြရမည့် ယဉ်ကျေးမှု” တစ်နည်း ၊ “ဒီမိုကရက်တစ်ဓလေ့“ထွန်းကားဖို့လိုပါလိမ့်မည်။ ခက်နေသည်မှာ၊မြန်မာ့နိုင်ငံရေး ဓလေ့တွင်၊ အဆိုပါ “ဒီမိုကရက်တစ်ဓလေ့”ထက်၊ရယ်ဒီကယ်ဓလေ့က ပိုစွဲခိုင်နေခြင်းပင်။ပြောရလျင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းရောက်မှ ဒီမိုကရက်တစ် ဓလေ့ကို ခပ်ရေးရေး စတွေ့လာရသည်။ဒီကြားထဲမှပင်၊ရယ်ဒီကယ်လှိုင်းများကား ၊အခါခွင့်သင့်တိုင်း ၊ တဝုန်းဝုန်း ရိုက်ခတ်ဆဲ....။ဥပမာ - လက်ပံတောင်းကိစ္စ ၊မန္တလေး ရှစ်လေးလုံးငွေရတု...စသည်ဖြင့်..။ ဟော- အခု နောက်တစ်ကြိမ်လာပြန်ပြီ။
ပြင်ရေးလား / အသစ်လား
ပြည်တွင်းငြိမ်းချမ်းရေး၊ ကြိုးပမ်းမှု၊ အဆင့်တစ်ဆင့်သို့ ရောက်လာချိန်၊ လွှတ်တော်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့ပြီး၊ကြိုးပမ်းလာချိန်...၊(ပို၍ အရေးကြီးသည်မှာ) မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၊တည်တည်ငြိမ်ငြိမ်ရှေ့ဆက်နိုင်ရေးအတွက် အထူးလိုအပ်နေချိန်...။ ဤမျှအရေးကြီး၊အကဲဆတ်လှသော အခြေအနေမှာပင်၊ ဆိုခဲ့ပါ ဓလေ့နှစ်ရပ် တစ်ပြိုင်နက် ပေါ်လာသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်၊သဘောထား မတူသူများ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည်ဆိုသော “ဒီမိုကရက်တစ်ဓလေ့” နှင့် ၊ “၂၀၀၈ အခြေခံဥပဒေဖျက် ၊ အသစ်ပြန်ရေးရမယ်“ ဆို သော ထိပ်တိုက်ရင်ဆိုင်ရေး “ရယ်ဒီကယ်ဓလေ့” တို့ဖြစ်သည်။ နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင် ရယ်ဒီကယ် အစွဲသန်သော၊ မြန်မာနိုင်ငံအတွက်၊ဒုတိယလမ်းကြောင်း (အသစ်ပြန်လည်ရေးဆွဲရေး)မှာ၊ လူကြိုက်များနိုင်သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်။ သို့ တစေ သမိုင်းအတွေ့အကြုံများ အရ၊အန္တရာယ်ရှိနိုင်သည်။ လက်ရှိဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်းဖြစ် သွား နိုင်သည်။ စေတနာ မှန်သော၊ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုအနေနှင့် ဘာကိုရွေးကြ မည်နည်း။
လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်... သို့ တစေ သမိုင်းအတွေ့အကြုံများ အရ အန္တရာယ်ရှိနိုင်သည်။
တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များက၊လက်တွေ့ကျသော၊ပထမ လမ်းကြောင်းကို ရွေးလိုက်ကြသည်ကို ကြားရဖတ်ရသောအခါ ကျေးဇူးတင်ဝမ်းမြောက်ရသည်။ အထူး သဖြင့် ဝါရင့်သမ္ဘာရင့် တော်လှန်ရေးသမားကြီး ၊ KNU ဗဟိုကော်မတီဝင် ၊ဖဒိုမန်းငြိမ်းမောင် လို ပုဂ္ဂိုလ်မျိုး ကိုယ်တိုင်က ၊ ဒီမိုကရက်တစ်ဓလေ့ဖြင့် ရပ်တည်ပြလိုက်ရာ၊ သူ့စေတနာနှင့် သူ့အမျှော်အမြင်ကို လေးစားအားကျရသည်။“လ္ဘက်ရည်ဆိုင်၊ဘီယာဆိုင်တွေထဲက၊နိုင်ငံရေး မီးရှူးမီးပန်းများကို မှုစရာမလို တော့ပြီ...” တွေးမိတော့ပျော်သွားသည်။ သို့သော်.......။
မေတ္တာရပ်ခံချက်
ပွင့်ပွင့်လင်းလင်းဆိုရလျင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂ /၀၉ /၂၀၁၃) ကိုဖတ် ရသောအခါ စောစောက အပျော်တွေလွင့်စင်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က၊ ဆိုခဲ့ပြီး သော၊ လမ်းကြောင်းနှစ်ရပ် ၊ဓလေ့နှစ်ခု တွင်။ တိတိပပ အဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကိုရ ယူမည်” ဟုဆိုသည်။ “ ဘာလဲ....ဘယ်လိုလဲ”
“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့်သဘောလား။ဤသို့ဆိုလျှင် ဘယ်သူက လုပ်ပေးမည် နည်း။ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။စာရေးသူ နားလည်သလောက်ဆိုရလျင် ၊ NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲ ကော်မရှင်မဟုတ်၊အစိုးရမဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစား ကြရမည်မှာ “ ဆန္ဒခံယူပွဲတိုင်းသည်၊လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော...” ၊“လူထု ဆန္ဒအမှန်ကို ရရှိလျင်ပင်ထား ၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော...”။ “မဟာဗျူဟာချမှတ်ရန် အတွက်လူထုတွင် တာဝန် ကောရှိပါ၏လော....”။ရာစုဝက်ကျော်မျှ ၊ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေးချွတ်ခြုံကျနေ သော၊နိုင်ငံရေးသားကြောဖြတ်ခံရသော၊စားဝတ်နေရေးအတွက် ကျားကုပ်ကျားခဲ ရုန်းကန်နေကြရ သော၊ အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည်ထင်ပါသည်။
စာရေးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီးမျှော်လင့်ထားပါသည်။အထူးသဖြင့် လက်ဝဲရယ်ဒီကယ် အစွဲသန်သော မြန်မာ့နိုင်ငံရေးတွင်၊ ရှားရှားပါးပါး “လစ်ဘရယ်စိတ်အခံရှိသူ” ဟု မြင်ထားသည်။ သူမကိုယ်တိုင်ရေးသော ဆောင်းပါးတစ်ပုဒ်အရ၊ “တော်လှန်ရေးကာလ နှင့် တည်ဆောက်ရေးကာလ” ကို ကောင်းစွာခွဲခြား သိမြင် နိုင်သူဟု ယုံကြည်ထားပါသည်။ လက်ပံတောင်းအရေးကို ကိုင်တွယ်ခဲ့သေ၊ အမျှော် အမြင်ဖြင့် ယခုကိစ္စကို ပြန်လည်စဉ်းစားပေးပါ ဟု လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ကျော်ဝင်း
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
Comments